Smartphone Photography - အမှာစာ
အမှာစာ
စာအုပ်လေး ဖြစ်ပေါ်လာပုံ
ကျွန်တော်က ဓာတ်ပုံရိုက်ရတာကို ဝါသနာပါပါတယ်။ ဓာတ်ပုံ ရိုက်ရတာ ဆိုတဲ့ မြန်မာစကားက မှားနိုင်စရာရှိတာမို့ တိတိကျကျ ပြောရရင် သူများကို ရိုက်ပေးရတာကို ဝါသနာပါတာ လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့လို့ ကျွန်တော်က ဓာတ်ပုံပညာ သိပ်ပြီး နားမလည်ခဲ့ပါဘူး။ ဓာတ်ပုံလည်း ကောင်းကောင်း မရိုက်တတ်ခဲ့ပါဘူး။
ဒီဘက်ခေတ်မှာက လူတိုင်းရဲ့ လက်ထဲမှာ ဓာတ်ပုံရိုက်နိုင်တဲ့ ကင်မရာတွေ ရှိနေကြပါတယ်။ စမတ်ဖုန်းတွေကလည်း သူ့ထက်ငါ အပြိုင်အဆိုင် ဓာတ်ပုံကောင်းကောင်းရဖို့ ကြိုးစားလာနေကြတာကြောင့်မို့ ဒီခေတ် စမတ်ဖုန်း ကင်မရာတွေသည် သာမန် ကင်မရာတစ်လုံးလောက်နီးနီး အဆင်ပြေလာတာကို တွေ့နိုင်ပါတယ်။
မွမ်းကြပ်မှုတွေများတဲ့ ခေတ်ရဲ့ ရိုက်ခတ်မှုတွေကြောင့် အားလပ်ချိန်တွေမှာ ခရီးတွေထွက်ကြတဲ့သူတွေသည်လည်း နှစ်စဥ် တိုးလို့သာ လာနေပါတယ်။ (၂၀၂၀ - ၂၀၂၁ - ယခုစာအုပ် ရေးနေချိန်ထိ မပါဝင်ပါ) ကျွန်တော့်ဘဝမှာလည်း အမှတ်တရ ခရီးတွေ အများကြီး ရှိခဲ့ပါတယ်။
ခရီးတိုင်းအတွက် ဓာတ်ပုံပေါင်း ရာချီ ရိုက်ခဲ့ဖူးပေမဲ့ ကိုယ်တိုင် ကြိုက်မိပါတယ်ဆိုရလောက်တဲ့ ပုံဆိုလို့ သိပ်ပြီး များများစားစား မရခဲ့ပါဘူး။ ဒီတော့ ကျွန်တော်နဲ့ အတူသွားတဲ့ ကျွန်တော်ချစ်ရတဲ့သူတွေမှာလည်းပဲ ဓာတ်ပုံကောင်းကောင်း များများ မရနိုင်ခဲ့ဘူးပေါ့။
အချို့တွေလည်း ဖုန်း storage သက်သာစေဖို့အတွက် ပုံ နည်းနည်းလောက်ကိုပဲ ရိုက်ခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ဆီက ပုံတွေက အရေအတွက် နည်းပေမဲ့ ပုံတိုင်းလိုလိုက ကောင်းကြတာ သတိထားမိခဲ့ပါတယ်။ အဲသည်ကနေ စပြီး “ဖုန်းနဲ့ ရိုက်တာချင်း တူပေမဲ့ ကျွန်တော်ရိုက်တာကျမှ ဘာကြောင့် လှသင့်သလောက် မလှတာလဲ” ဆိုပြီး စမတ်ဖုန်းနဲ့ ရိုက်နိုင်တဲ့ ဓာတ်ပုံပညာရပ် အချို့ကို လိုက်လေ့လာကြည့်ခဲ့ပါတယ်။
ဟုတ်ကဲ့။ ဒီစာအုပ်ကလေးက ကျွန်တော်ချစ်ရတဲ့သူတွေအတွက် ပုံလှလှလေးတွေ ရိုက်ကူးပေးနိုင်ဖို့ဆိုတဲ့ မေတ္တာကို အရင်းခံပြီး လေ့လာခဲ့မှုကနေ စတင် ဖြစ်ပေါ် လာတယ်လို့ ဆိုရပါမယ်။ နောက်ပြီး ဒီစာအုပ်လေးကို ဓာတ်ပုံလှလှလေးတွေ ရိုက်တတ်ချင်တဲ့သူတွေသာမက ကိုယ့်ဓာတ်ပုံလှလှလေးတွေ ရချင်တဲ့သူတွေအတွက်လည်း ကိုယ့်ကို ဓာတ်ပုံရိုက်ပေးမယ့် ချစ်ချစ်တို့ကို လက်ဆောင်ပေးဖတ်ခြင်းဖြင့် ကြွရွလှပနေတဲ့ ပုံလေးတွေ ရနိုင်မှာ ဖြစ်ကြောင်း ကြော်ငြာလေး ခင်းလိုက်ပါတယ်။
ဒီစာအုပ်လေးကို ဖတ်ကြည့်ပြီး ဒီထဲက နည်းလမ်းတွေကို လက်တွေ့ စမ်းကြည့် ပါ။ ဓာတ်ပုံပညာ စနစ်တကျ လေ့လာထားသူတွေကလွဲရင်ပေါ့ မိတ်ဆွေရဲ့ ဓာတ်ပုံရိုက်တဲ့ စကေးက ခုထက် အဆပေါင်းများစွာ ပိုကောင်းသွားမယ်လို့ ကျွန််တော် အာမခံပါတယ်။ ပိုပြီးကောင်းမလာခဲ့ရင် ကျွန်တော့်ကိုသာ တွေ့တဲ့နေရာမှာ ရိုက်သွားကြပါ (ကင်မရာနဲ့ပေါ့)။
လေးစားစွာဖြင့်
Khit Minnyo
👉👉👉👉👉 နောက်တစ်ခန်း ဖတ်ရှုရန် ဒီစာကြောင်းကို နှိပ်ပါ 👈👈👈👈👈
No comments