Hacking နဲ့ ပတ်သက်ပြီး မေးလေ့ရှိသော မေးခွန်းများ နှင့် လွဲမှားတတ်သော အယူအဆအချို့အကြောင်း
#The_First_Step_toward_Hacking
ရေးလက်စ စာအုပ်ရဲ့ ပထမဆုံး စာမျက်နှာက ကူးလာတာပါ
CHAPTER 1
QUESTIONS && ANSWERS
ရေးခဲ့ဖူးတဲ့အခြားစာအုပ်တွေနဲ့ မတူဘဲ ဒီစာအုပ်မှာတော့ ကျွန်တော်အဆင်ပြေသလို ရေးမယ်ဆိုပြီးတော့ ပထမဆုံးသော အခန်းကို ဒီခေါင်းစဥ် ပေးဖြစ်ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ Hacking ကို စ စိတ်ဝင်စားသူတွေ မေးလေ့ရှိတဲ့ မေးခွန်းတွေ ရှိပါတယ်။
Hacking ကို လေ့လာတာ တရားဝင်ပါသလား။
Hacking ဆိုတာ သူများတွေရဲ့ privacy ကို ချိုးဖောက်မှုလား။
Hacking ဆိုတာ Facebook, Gmail account တွေကို ခိုးယူတဲ့ပညာလား။
Hacking တတ်သွားရင် Facebook Account lock ကျတာတွေ ဖြည်နိုင်မလား။
Hacking လေ့လာပြီးသွားရင် အလုပ်ရမလား။ လစာ ကောင်းမလား။
Hacking လေ့လာတဲ့အခါ Kali Linux ကို မဖြစ်မနေ သုံးဖို့ လိုသလား။ အခြားဟာတွေကရော မရဘူးလား။
ဖုန်းနဲ့ရော Hacking လေ့လာလို့ မဖြစ်နိုင်ဘူးလား။ ကွန်ပျူတာ ရှိမှ ရ တာလား။
စတဲ့ မေးခွန်းတွေပါပဲ။
စိတ်မကောင်းမိတာ တစ်ခုက Hacking ဆိုတာ ဘယ်လိုဟာမျိုးလဲ လို့ ဘယ်သူမှ စ မမေးဖူးတာပါ။ တကယ့်ကို စိတ်မကောင်း ဖြစ်ရပါတယ်။
ပညာရပ်တွေ အများကြီး ရှိကြတဲ့အနက် ပထဝီဘာသာရပ်ကို စိတ်ဝင်စားတယ် ဆိုတဲ့ သူတွေသည် ပထဝီက ဘယ်လိုပညာရပ်မျိုး ဆိုတာကို သိကြပါတယ်။ ပထဝီထဲမှာ ဘယ်လိုအရာတွေ ပါတယ်ဆိုတာကို သိကြပါတယ်။ သိပြီးမှ စိတ်ဝင်စားကြတာပါ။
အဲသလိုပါပဲ။ သမိုင်း ကို စိတ်ဝင်စားတဲ့သူတွေဆိုရင်လည်း သမိုင်းဆိုတာ ဘယ်လိုအရာတွေကို လေ့လာတဲ့ ဘာသာရပ်လဲဆိုတာ သိကြပါတယ်။ သိပြီးမှသာ စိတ်ဝင်စားလာကြတာပါ။ ဒါပေမဲ့ Hacking စိတ်ဝင်စားတယ်ဆိုတဲ့သူတွေမှာတော့ အဲလို မဟုတ်ကြပါဘူး။
Hacking ဆိုတာ သူများ Facebook Acc တွေကို ကိုယ်ယူသုံးလို့ရတယ်။ Gmail တွေ၊ ဂိမ်းတွေကို စိတ်ကြိုက်လုပ်လို့ရတယ် စသည်ဖြင့် ထင်မြင်ယူဆပြီး စိတ်ဝင်စားတယ် လို့ ဆိုသူတွေ ရှိလာသလို၊ Hacking လေ့လာပြီး တတ်သွားရင် သူများတွေရဲ့ Fb Acc lock ကျတာမျိုးတွေကို ပြန်ဆယ်ပေးတာမျိုး၊ hack ခံရတဲ့ Acc တွေကို ပြန်ဆယ်ယူပေးတာ မျိုး စတာတွေ လုပ်ပြီး ကူညီချင်လို့ စိတ်ဝင်စားတာ ဆိုတာမျိုးတွေကို မကြာခဏ ဆုံရ တွေ့ရပါတယ်။ တကယ်သိလို့ ဝါသနာပါတဲ့သူတွေလည်း ရှိပါတယ်။ နည်းတော့ နည်းပါတယ်။
ဒါကြောင့် ဒီအကြောင်းတွေကို ကျွန်တော့်ရဲ့ blog လေးမှာလည်း မကြာခဏ ရေးဖြစ်ပါတယ်။ ခုတော့ ဒီလို ရေးဖြစ်ခဲ့တာတွေ အများကြီးထဲကမှ အစမှာ ပြောခဲ့ဖူးတဲ့ မေးခွန်းအားလုံးကိုပါ ပါအောင်ရယ်၊ စာတွေများပြီး ပျင်းစရာမဖြစ်အောင်ရယ် လိုတိုရှင်းစုပြီး ဒီအခန်းမှာ ဆွေးနွေးသွားပါမယ်။
Hacking ဆိုတာရဲ့ မူလအစစကားလုံးက hack ပါ။
Hack ဆိုတဲ့ စကားလုံးက ၁၂၀၀ ခုနှစ်လောက်မှာ ပေါ်ခဲ့တဲ့ စကားလုံးဖြစ်ပြီး ခု ၂၀၂၂ ဆိုရင် နှစ်ပေါင်း ၈၂၂ လောက် ကြာခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံးသော ကွန်ပျူတာ သည်ပင်လျင် ၁၆၀၀ ခုနှစ်လောက်မှ စတင်ခဲ့တာ ဖြစ်လို့မို့ hack ဆိုတဲ့ စကားလုံးသည် အဲသည်ထက် နှစ်ပေါင်း ၄၀၀ လောက် ပိုစောခဲ့ပါတယ်။
Hack ဆိုတဲ့ စကားလုံးရဲ့ မူလအစက အရာဝတ္ထုတွေကို ပုံမှန်မဟုတ်တဲ့ ဖြတ်တောက်ခြင်းမျိုး ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။ အဲသည်တုန်းက Oxford Dictionary မှာ “cut with heavy blows in an irregular or random fashion,” လို့ ဖွင့်ဆိုထားခဲ့တာကို တွေ့နိုင်ပါတယ်။
နောက်ပိုင်းမှာတော့ hack ဆိုတဲ့စကားလုံးကို နယ်ပယ်တစ်ခုခုမှာ ကျွမ်းဝင်နှံ့စပ်မှု ရှိသည် ဆိုတဲ့ သဘောနဲ့ သုံးလာခဲ့ပါတယ်။ နည်းပညာနယ်ပယ်မှာ hack နဲ့ hacker ဆိုတဲ့ စကားလုံးတွေကို စ သုံးလာခဲ့တာက ၁၉ ရာစု နှောင်းပိုင်းမှာပါ။ ၁၉၇၅ မှာ ထွက်ရှိခဲ့တဲ့ ကွန်ပျူတာပရိုဂရမ်မာတွေအတွက် အဘီဓာန် ဆိုတဲ့ထဲမှာ Hacker ဆိုတဲ့ စကားလုံးကို definitaiton ၈ ခုနဲ့ အဓိပ္ပါယ် ဖွင့်ခဲ့ပါတယ်။
အဲထဲက ပထမဆုံး definition က ဒီလိုပါ။
“A person who enjoys exploring the details of programmable systems and how to stretch their capabilities, as opposed to most users, who prefer to learn only the minimum necessary.”
၈ခုလုံး စိတ်ဝင်စားရင် အောက်ပါ လိပ်စာမှာ သွားဖတ်နိုင်ပါတယ်ဗျ။
အဆိုပါ definition တွေရယ်၊ ခုခတ် အဘိဓာန်တွေရယ်ကို ကြည့်ခြင်းအား ဖြင့် Hacker ဆိုတာ နည်းပညာအသစ်တွေကို လေ့လာရတာကို ခုံမင်နှစ်သက်သူဖြစ်ပြီး သာမန် အသုံးပြုသူတွေနဲ့ မတူဘဲ အဲဒါတွေကို ဘယ်လိုဖန်တီးထားတယ်၊ ဘယ်လိုလုပ်ဆောင်နိုင်စွမ်းတွေ ရှိတယ်၊ ဘယ်လိုပြစ်ချက် အားနည်းချက်တွေ ရှိတယ်ဆိုတာတွေကို ရှာဖွေဖော်ထုတ်ရတာကို ပျော်ရွှင်နေတတ်သူတွေဖြစ်ကြောင်း သိနိုင်ပါတယ်။ ဒါကြောင့်မို့ Hacker ဖြစ်ချင်တယ်ဆိုရင် နည်းပညာတွေကို စဥ်ဆက်မပြတ် ထိတွေ့လေ့လာနေရမှာ ဖြစ်ပါတယ်။ ပျင်းလို့ မရဘူးပေါ့။
ဒီတော့ အနှစ်ချုပ်ရရင် Hack ဆိုတာ အမျိုးမျိုးသော ပညာရပ်တွေမှာ သူ့နယ်ပယ်နဲ့သူ ကျွမ်းကျင်နှံ့စပ်တာ၊ နည်းပညာနဲ့ ပတ်သက်ရင် အမျိုးမျိုးသော နည်းပညာ ထုတ်ကုန်တွေကို လေ့လာပြီး အားနည်းချက်ရှာဖွေနိုင်တာ၊ အဆိုပါ အားနည်းချက်တွေကနေ တစ်ဆင့် device & network ကို control လုပ်နိုင်ဖို့ ကြိုးစားနိုင်တာ၊ စနစ်တွေရဲ့ လုံခြုံရေး ပေါ့လျော့ရာနေရာတွေကနေတစ်ဆင့် ကွန်ပျူတာတွေ ကွန်ယက်တွေထဲကို ဝင်ရောက် မွှေနှောက်တာ စတဲ့ အဓိပ္ပါယ်အမျိုးမျိုးကို ဆောင်တဲ့ ကြိယာ (Verb) စကားလုံး တစ်ခု ဖြစ်ပါတယ်။
Hack ပြီးသွားတော့ Hacking ဆိုတဲ့ စာလုံး အလှည့် ဖြစ်ပါတယ်။ Hack မှာ ဖွင့်ဆိုခဲ့တဲ့ အရာတွေကို လုပ်ဆောင်နိုင်တဲ့ ပညာရပ်ကို Hacking လို့ ခေါ်ပါတယ်။ Hacking ဆိုတာ hacker တွေ တတ်တဲ့ ပညာ (သို့မဟုတ်) Hack နိုင်ဖို့အတွက် အသုံးပြုကြတဲ့ ပညာ ပေါ့။
Hacker ဆိုတာကတော့ အဆိုပါ hack နိုင်စွမ်း ရှိသူတွေပါ။ Hacking ဆိုတဲ့ ပညာရပ်ကို ကောင်းကောင်း နားလည်ပြီး အသုံးချနိုင်စွမ်းရှိသူတွေ ဆိုပါတော့။ သူတို့မှာ တီထွင်ဆန်းသစ်နိုင်စွမ်းလည်း ရှိကြသလို စနစ်တစ်ခုကို လေ့လာဖို့အတွက် ဇွဲရှိပြီး စိတ်အားထက်သန်သူ တွေပါ။ Hacking ဖြစ်ရပ် တွေရဲ့ မှတ်တမ်းကို ပြန်လေ့လာတဲ့အခါ အချို့သော attack တွေ ကို ဖန်တီးလုပ်ဆောင်နိုင်ဖို့အတွက် hacker တွေသည် အချိန်တွေ အကြာကြီး စောင့်ဆိုင်းခဲ့ရတဲ့ သာဓကတွေကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် hacker ဖြစ်ချင်တဲ့သူတွေမှာ တစ်ခုခုကို စိတ်ရှည်ရှည်ထားနိုင်ခြင်း ဆိုတဲ့ သည်းခံစိတ်မျိုးလည်းပဲ လိုအပ်ပါတယ်။
အကောင်းတွေ အဆိုးတွေ စသည်ဖြင့် ဆန့်ကျင်ဘက်တို့ ယှဥ်တွဲဖြစ်တည် ရာ လောကမှာ မိမိတို့ကျွမ်းကျင်ရာ ပညာရပ်တွေကိုလည်းပဲ ကောင်း/ဆိုး ပိုင်းခြားပြီး အသုံးပြုကြသူတွေလည်း မျိုးစုံရှိကြပါတယ်။ Hacking ဆိုတဲ့ ပညာရပ်ကိုလည်း ထို့အတူ ကောင်းတဲ့နေရာမှာ သုံးသူတွေနဲ့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ သုံးသူတွေ ဆိုတာမျိုး ရှိလာပါတယ်။
Hacking ကို ကောင်းတဲ့နေရာမှာ အသုံးချသူတွေကို White Hat Hacker လို့ ခေါ်ဆိုကြပြီး၊ မကောင်းတဲ့ရည်ရွယ်ချက် (malicious purpose) နဲ့ အသုံးချကြသူတွေကိုတော့ Black Hat Hacker လို့ ခေါ်ကြပါတယ်။ အဲသည်မှာတင် စိတ်ကူးပေါက်ရာ ကောင်းကောင်း မကောင်းကောင်း လုပ်တတ်သူတွေ ရှိလာပြန်တာကြောင့် အဖြူလည်း ပြောမရ၊ အမည်းလို့လည်း မဆိုသာပြန်မို့ ကြားက မီးခိုးရောင် (Grey Hat Hacker) ဆိုပြီး ထပ်ဖြစ်လာပါတယ်။
ပြန်ချုပ်ပြောရရင် မူလအစဖြစ်တဲ့ Hacking ဆိုတဲ့ ပညာရပ်မှာ ဘာအရောင်မှ မရှိပါဘူး။ အသုံးပြုသူရဲ့ အသုံးချမှုနယ်ပယ်ကို လိုက်ပြီး အဲသလို အရောင်တွေ ခွဲခြားလာကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခု ထပ်ပြောရရင် Hacking မှာ အရောင်အဆင်း မရှိပါဘူး။ အရောင်က လူတွေဆီမှာပဲ ရှိတာပါ။
အိုင်းစတိုင်း ပြောခဲ့တာလေးတစ်ခု ပြန်ပြောပြချင်ပါတယ်။
“We cannot solve our problems with the same level of thinking that created them.”
——Albert Eisenstein
အကျယ်ပြောရရင် လောကမှာ ပြဿနာတွေကို ဖန်တီးတတ်တဲ့ သူတွေ ရှိပါတယ်။ အဲသည် ပြဿနာတွေကို ဖြေရှင်းချင်တယ် ဆိုရင် ကျွန်တော်တို့သည် အဲသည် ပြဿနာ ဖန်တီးထားသူထက် သာလွန်တဲ့ Level တစ်ခုမှာ ရှိနေဖို့ လိုအပ်ပါတယ်။ အဲလိုမဟုတ်ဘဲ ပြဿနာဖန်တီးထားသူနဲ့ လယ်ဗယ်တူအဆင့်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အဲသည်ပြဿနာကို ဖြေရှင်းနိုင်စွမ်း ရှိမှာ မဟုတ်ဘူး လို့ ဆိုလိုတာပါ။
hacking နယ်ပယ်မှာလည်း ထို့အတူပါပဲ။ Know your enemy ဆိုတဲ့ စကား ရှိပါတယ်။ Black Hat Hacker တွေ ဘယ်လို လုပ်လေ့ရှိတယ်ဆိုတာ၊ သူတို့သုံးတဲ့ hack နည်းတွေ ဘာတွေ ဆိုတာ မသိဘဲ အဲဒါတွေကို ကာကွယ်ချင်တဲ့ White Hat Hacker လုပ်ချင်လို့ မရနိုင်ပါဘူး။ ဒီတော့ Hacking မှာ အရောင်မရှိဘူး ဆိုတာကို နားလည်ပြီထင်ပါတယ်။
အမေးများသော မေးခွန်းများ လို့ ခေါင်းစဥ် တပ်ထားပေမဲ့ ခုထိ တစ်ခုမှ မဖြေရ သေးပါဘူး။ ခု စ ဖြေမယ်နော်။ Hacking ကို လေ့လာတာ တရားဝင်ပါတယ်။ လက်နက်ကိုင် ပြီး ဓားပြတိုက်လူသတ်အကြမ်းဖက် လုပ်နေတဲ့ မိစ္ဆာတွေသည်လည်း သေနတ်ပစ်နည်း လေ့လာရသလို အဲသည်မိစ္ဆာတွေရန်က ကာကွယ်ပေးဖို့ ကြိုးစားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေသည်လည်းပဲ သေနတ်ပစ်နည်း လေ့လာဖို့ လိုပါတယ်။ အဲဒါကို ဘယ်နေရာမှာ အသုံးချမယ် ဆိုတာ က သာ တရားဝင်ခြင်း မဝင်ခြင်းကို သတ်မှတ်ပြဌာန်းပေးမယ့်အရာ ဖြစ်ပါတယ်။
Hacking ကို လေ့လာတဲ့နေရာမှာ ရည်ရွယ်ချက်တွေက တစ်ယောက်နဲ့တစ်ယောင် တူချင်မှ တူပါလိမ့်မယ်။ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့သာ စိတ်ဝင်စားခဲ့မယ်ဆိုရင် Hacking ဆိုတာ privacy ကို ချိုးဖောက်တဲ့ ပညာရပ် မဟုတ်ပါဘူး။ မှန်ကန်အောင်သာ သုံးမယ်ဆိုရင် အဲသလို ချိုးဖောက် မယ့်သူတွေရဲ့ ရန်ကနေ ကြိုတင်ကူညီကာကွယ်ပေးရာတောင် ရောက်ပါသေးတယ်။ ဒါကြောင့်မို့ Hacking ကို လေ့လာတိုင်း လူဆိုးလို့ သတ်မှတ်လို့ မရပါဘူး။ ဒါသည် ပညာရပ်သာ ဖြစ်ပြီးတော့ အသုံးချမှုနယ်ပယ်ကို လိုက်ပြီးတော့မှသာ လူဆိုး လူကောင်း ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။
Hacking မှာ Facebook Acc, Gmail Acc စတာတွေကို ခိုးယူနည်းတွေ တစ်စိတ်တစ်ပိုင်းအဖြစ် ပါနေနိုင်ပါတယ်။ Black Hat Hacker တွေသည် ဘယ်လိုနည်းတွေနဲ့ ဒီလို ခိုးယူလေ့ရှိတယ်ဆိုတာကို သိမှသာ ဒါတွေဖြစ်မလာအောင် မိမိလက်လှမ်းမီသမျှကို security knowledge (လုံခြုံရေးအသိ) မျှဝေပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Facebook Account တွေကို hack တယ်ဆိုတာမျိုးတွေကို hacking လေ့လာသူတွေ လေ့လာရတာပေမယ့် Hacking ဆိုတာ အဲသည် social media account တွေကို ခိုးယူတဲ့ ပညာတော့ မဟုတ်ပါဘူး။ နည်းပညာနယ်ပယ်သည် များစွာ ကြီးမား ကျယ်ပြန့်ပါတယ်။ ဒါကြောင့် hacking ကို အသုံးချနိုင်တဲ့ နယ်ပယ်တွေ အများကြီးရှိပါသေးတယ်။
နောက်တစ်ခု Facebook Acc lock ကျတာမျိုးကို ပြန်ဆယ်တယ် ဆိုတာမျိုးက Hacking တတ်မှ လုပ်ရတဲ့အရာ မဟုတ်ပါဘူး။ Chrome လို browser မျိုးကနေ ကိုယ့်ဘာသာ ကြိုးစားကြည့်နိုင်တာမျိုးပါ။ Eng လို စာ မဖတ်တတ်ရင်တောင် မြန်မာလို ပြောင်းလဲ ကြည့်လို့ ရနိုင်ပါသေးတယ်။ တကယ်က လူတိုင်း လုပ်ကြည့်နိုင်တဲ့ အရာဖြစ်ပါတယ်။
မေးခွန်းတွေထဲမှာ ကျွန်တော် မဖြေချင်တာက Hacking လေ့လာပြီးသွားရင် အလုပ်ရမလား၊ လစာကောင်းမလား ဆိုတာတွေပါ။ တကယ်တမ်း တတ်မြောက်သွားရင် ဘယ်ပညာရပ်မဆို ဝင်ငွေရှာနိုင်တာချည်းပါပဲ။ အလုပ်အကိုင် အခွင့်အလမ်းမှာတော့ မြန်မာနိုင်ငံမှာ ဆိုရင် လက်ရှိ Hacking နဲ့ ပတ်သက်တဲ့ အလုပ်အကိုင်က ရှားပါသေးတယ်။ တစ်ချိန်မှာတော့ အခွင့်အလမ်း ကောင်းလာပါ လိမ့်မယ်။ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာတော့ Security ဟာ အရေးပါမှန်း ပိုမိုလက်ခံလာကြပြီး အလုပ်အကိုင်တွေလည်း ပိုမိုပွင့်လင်းလာတာ မြင်နိုင်ပါတယ်။ ကုမ္ပဏီမှာ အလုပ်ဝင်တာမျိုးမဟုတ်ပေမဲ့ မြန်မာနိုင်ငံကနေ လုပ်နိုင်တဲ့ အလုပ်တွေ ရှိပါသေးတယ်။
Company တွေမှာ Security နဲ့ ပတ်သက်တဲ့ workshop တွေ လုပ်တာမျိုး၊ Freelance လုပ်တာမျိုးနဲ့ Bug Bounty Hunting လုပ်တာမျိုး စတာတွေ လုပ်ပြီးတော့လည်း ဝင်ငွေ ရရှိနိုင်ပါတယ်။ ဒါကြောင့် တကယ်တမ်း တတ်မြောက်သွားတဲ့အခါ လုပ်စရာတွေ တွေ့မြင်လာမှာပါ။ ခု လတ်တလော အလုပ်အကိုင်ရချင်ရင်တော့ Hacking လေ့လာတာထက် အခြားပညာတွေ လေ့လာတာက ပိုကောင်းပါမယ်။ နောက်တစ်ချက် ထပ်လောင်း ပြောချင်တာက Hacking လေ့လာရတာ လွယ်ကူမှာ မဟုတ်ပါဘူး။ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင် ကျော်ဖြတ်ရနိုင်ပါတယ်။ Attack တစ်ခု အောင်မြင်ဖို့ဆိုတာလည်း မြန်တာရှိသလို အကြာကြီး စောင့်ဆိုင်းရတာလည်း ရှိနိုင်ပါတယ်။ ဒီတော့ တကယ်တမ်း ဒီပညာရပ်ကို ဝါသနာပါမှ သာ လေ့လာသင့်ကြောင်းပါ။ ဒါကြောင့်မို့ အလုပ်အကိုင် ရ မရ ထက် ဒီပညာကို တကယ် တတ်ချင်လို့ လေ့လာတဲ့သူတွေက ပိုပြီး ရှေ့ရောက်ပါလိမ့်မယ်။
နောက်မေးခွန်းတစ်ခုကို ဆက်ပါမယ်။ Hacking လေ့လာဖို့အတွက် Kali Linux မှ မဟုတ်ပါဘူး။ မိမိနှစ်သက်ရာ Operating System ကို အသုံးပြုနိုင်ပါတယ်။ Windows သုံးလည်း ရသလို၊ Linux, Mac OS စတာတွေကို သုံးလည်း ရပါတယ်။ ဘာလို့ Kali Linux ကို သုံးပြရလဲဆိုရင် Kali မှာက Tool တွေ အသင့်ပါပြီးသား ဖြစ်တာရယ်၊ Kali သည် Hacking အတွက် ရည်ရွယ်ဖန်တီးထားတဲ့ Linux ဖြစ်တာရယ်၊ တစ်ခုခုဆို အကူညီတောင်းစရာ Kali Community ကြီးကြီးမားမား ရှိနေတာရယ်၊ Youtube, Google တို့မှာ ရှာရင် Kali ကို နမူနာ သုံးပြထားတဲ့ ဥပမာတွေ အများကြီးတွေ့ရမှာရယ် စတာတွေ ကြောင့် Kali နဲ့ နမူနာ လုပ်ဆောင်ပြကြတာပါ။ လိုအပ်တဲ့ Tool တွေကို မိမိဘာသာ ရှာဖွေပြီး manual install လုပ်နိုင်တယ်ဆိုရင် ဘယ် OS ကိုမဆို သုံးနိုင်ပါတယ်။
နောက်ဆုံးမေးခွန်းက ဖုန်းနဲ့ Hacking လေ့လာလို့ ရလား ဆိုတာပါ။ ရ တော့ ရပါတယ်။ ဒါပေမဲ့ ပြည့်ပြည့်စုံစုံ ရမှာတော့ မဟုတ်ပါဘူး။ တကယ်တမ်း လေ့လာတဲ့အခါ Lab တွေ တည်ဆောက်ဖို့ လိုအပ်ရင် ဖုန်းက လုပ်နိုင်မှာ မဟုတ်ပါဘူး။ နောက်တစ်ချက်က screen ပါ။ ဖုန်းရဲ့ screensize က Laptop ထက် အများကြီးကို သေးပါတယ်။ ဒါကြောင့်မို့ အသေးစိတ် အာရုံစိုက်ရတဲ့အချိန် ကြာလာတာနဲ့အမျှ မျက်စိ ထိခိုက်မှု ရှိနိုင်ပါတယ်။ ဒီဘက်ခေတ်မှာ ဖုန်းတစ်လုံးရဲ့ တန်ဖိုးဟာ သာမန်ကွန်ပျူတာတစ်လုံးရဲ့ တန်ဖိုးနဲ့ သိပ်မကွာပါဘူး။ အချို့ဖုန်းတွေဆို ကွန်ပျူတာထက်တောင်မှ အများကြီးပိုစျေးကြီးပါသေးတယ်။ ဖြစ်နိုင်ရင် ကွန်ပျူတာနဲ့ လေ့လာကြပါ။ တတ်သွားမှ ဖုန်းကို ရံဖန်ရံခါ အသုံးချတာမျိုး လုပ်ချင်လုပ်ပေါ့။
ဒါတွေကတော့ အမေးများဆုံး မေးခွန်းတွေကို ကြိုစုပြီးပေါင်းရှင်းထားတာပါ။ အမေးမများပေမယ့်လို့ သိသင့်တယ်ထင်တာလေးတစ်ခု ထပ်ဆောင်းပြောပြပါဦးမယ်။
Hacker ဆိုတာ H+A+C+K+E+R ဆိုပြီး အတိုကောက်စကားလုံးတွေကို ပေါင်းထားတဲ့ Acronym မဟုတ်ပါဘူး။ ဒါကြောင့်မို့ Hacker ဆိုတာ ——
H = Hide IP
A = Aim Victim
C = Crack Encrypt
K = Kill into Database
E = Enter into Network
R = Return Anonymous
စသည်ဖြင့် စကားလုံးတွေကို ပေါင်းစုထားတာ လုံးဝလုံးဝ မဟုတ်ပါဘူး။
ဥပမာ -
USA = United State of America
UNICEF = United Nations International Children Emergency Fund
WHP = World Food Program
စတာတွေသည် word (စကားလုံး) များရဲ့ အစစာလုံး များကို ပေါင်းစုရေးသားထားသော ပုဒ်အစု (Acronym) တွေ ဖြစ်ပါတယ်။ Acronym ဖြစ်တဲ့အတွက် သူတို့ကို အတိုကောက် ရေးတဲ့အခါ စာလုံးအသေး ရေးခွင့် မရှိပါဘူး။ ဥပမာ - WHP ကို whp လို့ ရေးခွင့်မရှိပါဘူး။ ရေးရင် Panctuation နည်းအရ မှားပါတယ်။ Acronym မို့လို့ပါ။
Hacker ကိုတော့ Hacker, HACKER, hacker စသည်ဖြင့် ရေးနိုင်ပါတယ်။ Acronym မဟုတ်လို့ ဖြစ်ပါတယ်။ Teacher ဆိုတဲ့စကားလုံးလိုပါပဲ။ Teach (သင်ပေးသည်) ဆိုတဲ ကြိယာကနေ လာတဲ့ Teacher ဆိုတာ acronym မဟုတ်ပါဘူး။ ဒါပေမဲ့ အောက်ပါပုံစံ မျိုးတွေ ရေးထားတာကိုတော့ တွေ့နိုင်ပါလိမ့်မယ်။
T = Talented / Tolerant
E = Excellent / Energetic
A = Adorable / Awesome
C = Charming / Caring
H = Humble / Helper
E = Encouraging / Excellent
R = Responsible
ဆိုပြီး တွေ့နိုင်တာပါ။ တကယ်တော့ ဒါတွေဟာ ဆရာ/မ တွေရဲ့ ဂုဏ်ပုဒ်ကို စာလုံးပေါင်းတစ်ခုချင်းစီနဲ့ Aconym style ဖော်ကျူးထားတဲ့ ဂုဏ်တော်ဖွဲ့ သာ ဖြစ်ပါတယ်။ Hacker ဆိုတဲ့ စကားလုံးသည်လည်း ထို့အတူပါပဲ။ hack ဆိုတဲ့ ကြိယာ ကနေ လာပါတယ်။ Acronym မဟုတ်ပါဘူး။ Acronym style ရေးထားတာ တွေ့ရင်လည်း အဲဒါတွေသည် Hacker တွေ လုပ်လေ့ရှိတာတွေနဲ့ ထင်ဟပ်အမွှန်းတင်ထားခြင်းသာ ဖြစ်ပါတယ်။
ဘာလို့ ဒါတွေကို ရှင်းပြနေလဲဆိုရင် ကိုယ်လေ့လာမယ့် ဘာသာရပ်နဲ့ ပတ်သက်ပြီး တလွဲသိတွေ ဖြစ်မနေစေချင်လို့ပါ။ Facebook မှာ မကြာခဏ တွေ့ရတတ်တဲ့အရာ ဖြစ်လို့ ထည့်ပြောပြခြင်း ဖြစ်ပါတယ်။ ပြောချင်တာလေးတွေ ကြိုပြောပြီးသွားပြီဆိုတော့ နောက်တစ်ခန်း ဆက်ကြပါစို့။
(Hacking, Hacker, Types of Hacker စတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ ပထမဆုံး စာအုပ်လေးဖြစ်တဲ့ “လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ” စာအုပ်၊ ပထမဆုံးအခန်းမှာ ဖော်ပြရေးသားခဲ့ဖူးပါသေးတယ်။ လေ့လာလိုပါက စာအုပ်အနေနဲ့ မရနိုင်တော့ပေမယ့် pdf (eBook) အနေနဲ့ အခမဲ့ တင်ပေးထားပါသေးတယ်။ ကျွန်တော်ရေးခဲ့ဖူးတဲ့ စာအုပ်တွေ အားလုံးကို ဒီ blog ရဲ့ menu ထဲက My Books ဆိုတဲ့ ကဏ္ဍမှာ တွေ့နိုင်ပါတယ်ဗျ။
လာရောက်ဖတ်ရှုပေးသူများအား အထူးကျေးဇူးပါ။
👉👉👉👉👉👉👉👉 နောက်တစ်ပိုင်း ဖတ်ရန်အတွက် ဒီစာကြောင်းကို နှိပ်ပါ 👈👈👈👈👈👈👈👈
jhj
ReplyDeletejll
ReplyDeletekkkk
ReplyDeleteFacebook Account, Gmail Account ,ခိုးနည်းသိချင်တယ်
ReplyDeleteသင်တန်းတက်ရင် ဘယ်မှာတတ်ရမလဲ
ReplyDeleteမသိလို့ပါ
Shine thu
Delete