Adsense

OUO Banner

Latest Posts

Kali နှင့် Kali ကို ဘယ်လို တင်သုံးသင့်လဲ

 


Basic Concept

Kali Linux ဆိုတာကို သူများပြောမှ ကြားဖူး မြင်ဖူးတဲ့သူတွေ ရှိပါတယ်။ ဒါက ရှက်စရာမဟုတ်ပါဘူး။ မသိသေးတာသည် မသိချင်တာ ထက် သာပါတယ်။ 

ကွန်ပျူတာ အခြေခံသင်တန်းတွေ တော်တော်များများမှာ သင်မပေးလိုက်တာတွေ ရှိပါတယ်။ အဲဒါတွေထဲမှာမှ Operating System တွေနဲ့ ပတ်သက်တာတွေကိုတောင် ပြောမပြလိုက်ဘဲ Basic Certificate ကြီး ထုတ်ပေးလိုက်ကြတာတွေတောင်မှ တွေ့နေရပါတယ်။ 

ကျွန်တော်တို့ သိကြတဲ့ ကွန်ပျူတာတွေမှာ Manufacturer ကို လိုက်ပြီး ခွဲပြောရင် PC နဲ့ Mac ဆိုပြီး အဓိက ၂ မျိုး ရှိပါတယ်။ PC ဆိုတာကို manufacturer ပေါင်းစုံက ထုတ်လုပ်တဲ့အတွက် တံဆိပ်ပေါင်းစုံနဲ့ မြင်နိုင်ပါတယ်။ 

Toshiba, Fujitsu, Samsung, MSI, Dell, Hp, Acer, Asus, ... စသည်ဖြင့်ပေါ့။ အများကြီးပါပဲ။ Xiaomi, Huawei စတာတွေတောင်မှ ရှိပါတယ်။ ထားပါတော့။ 

Mac ကတော့ iPhone တွေကို ထုတ်တဲ့ Apple company က ထုတ်တဲ့ ကွန်ပျူတာတွေပါ။ 

Manufacturer အရ ပြောပြီးတဲ့အခါ Build System ပေါ်မူတည်ပြီး  Main Type ၂ ခု ပြန်ခွဲကြည့်လို့ ရပါတယ်။

 Desktop နဲ့ Laptop ဆိုပြီးတော့ပါ။ စားပွဲပေါ် တင်ထားမှ အဆင်ပြေတဲ့ အမျိုးအစားကို Desk Top (Desktop) ပေါ့။ ထိုင်ပြီး ပေါင်ပေါ်တင် လွယ်လွယ်သုံးလို့ရတဲ့ အမျိုးအစားကိုတော့ Laptop (Lap Top) ပေါ့။ 

Laptop ထဲမှာမှ လျှာရှည်ပြီး Laptop နဲ့ Notebook ဆိုပြီးတော့တောင် ခွဲကြပါသေးတယ်။ ပိုသေး ပိုပေါ့ ပိုပါးလွှာ စသည်ဖြင့် ထုတ်လုပ်လာကြလို့ ဖြစ်ပါတယ်။ ultrabook, MacBook, Notebook, Chromebook စတာတွေသည် Notebook တွေ ဆိုပါတော့။ 

ပုံလေးတွေ နည်းနည်း ကြည့်ကြည့်ရအောင်။ 

Desktop PC


Desktop PC တစ်လုံးရဲ့ ပုံပါ။ စားပွဲပေါ်က မြင်ကွင်းပဲ ရှိပါသေးတယ်။ စားပွဲအောက်မှာ သူ့ကို ပါဝါပေးဖို့အတွက် UPS တစ်လုံး ရှိပါသေးတယ်။ 

Desktop PC with UPS


iMac (Desktop)
Laptops 

Laptop တွေကတော့ အားလုံးသိကြတဲ့အတိုင်း တံဆိပ်မျိုးစုံ၊ ပုံစံမျိုးစုံ ရှိပါတယ်။ 

ထားပါ။ လိုရင်းကို ပြန်ဆက်ရရင်တော့ အဲဒါတွေ အားလုံးက Computer တွေပါပဲ။ "ကျွန်တော့်မှာက ကွန်ပျူတာ မရှိဘူး Laptop ပဲ ရှိတယ်" ဆိုတဲ့ စကားမျိုးလည်း ကြားဖူးလို့ ဒါကို ထည့်ပြောပြတာပါ။ 

....

ကွန်ပျူတာတွေ အားလုံးမှာ Mouse, Keyboard, Screen, ... စသည်ဖြင့် ထိတွေ့ ကိုင်တွယ်လို့ ရတဲ့ အရာဝတ္ထု တွေနဲ့ ဖန်တီးထားတဲ့ အစိတ်အပိုင်းတွေကို Hardware တွေလို့ ခေါ်ဆိုပါတယ်။ 

Hardware Only သာဆိုရင် ကွန်ပျူတာသည် ဘာဆို ဘာကိုမှ လုပ်လို့ရမှာမဟုတ်ပါဘူး။ ပါဝါခလုတ်ကို နှိပ်ရင် မီးလင်းရုံလောက်ပဲ လုပ်နိုင်လိမ့်မယ်။ အဲသည် ကွန်ပျူတာ Hardware တွေ အလုပ်လုပ်နိုင်စေဖို့အတွက် လည်ပတ်မှုကို ဖန်တီးမောင်းနှင်ပေးတဲ့ ပင်မစနစ် တစ်ခု ရှိပါတယ်။ အဲဒါကို Operating System လို့ ခေါ်ပါတယ်။ 

အဲသည် Operating System ဆိုတာကြီးကတော့ Keyboard, Mouse, ... စတာတွေလိုမျိုး ကိုင်ကြည့်လို့ မရပါဘူး။ ကျွန်တော်တို့ ဦးနှောက်ထဲက အတွေး နဲ့ တူပါတယ်။ ကျွန်တော်တို့ရဲ့ ဦးခေါင်းခွံကို  ဖောက်ကြည့်ရင် အထဲက ဦးနှောက်ကို ကိုင်ကြည့်လို့ ရပါတယ်။ Hardware ပါ။ ဒါပေမယ့်  ညောင်းတယ်ဆိုတဲ့ ခံစားမှု ပေါ်လာတဲ့အခါ အလိုအလျောက် လက် ဆန့်တန်းမိတယ်၊ ခြင်ကိုက်တဲ့အခါ ရိုက်မိလိုက်တယ်၊ ယားတဲ့အခါ ကုတ်မိလိုက်တယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေသည် ဦးနှောက်ဆီက အမိန့်ပေးစေခိုင်းမှုကနေ လာပါတယ်။ မီလီစက္ကန့်အထိ အလွန်လျင်မြန်မြန်ဆန်လှတဲ့ processing ကြောင့် ကျွန်တော်တို့အနေနဲ့  အဲသည်လုပ်ဆောင်ချက်တွေကို သတိမထားမိလိုက်ကြတာပါ။ အဲလို ဆောင်ရွက်ပေးတဲ့ Operating System ဆိုတာကတော့ ထိတွေ့ကိုင်တွယ်ကြည့်လို့ မရနိုင်ပါဘူး။ အဲဒါကိုတော့ Software လို့ ခေါ်ပါတယ်။ 

ကျွန်တော်တို့ရဲ့ ဦးနှောက်သည် အလိုအလျောက် တုန့်ပြန်မှုမျိုး လုပ်နိုင်ပေမယ့် 

စာမသင်ဖူးတဲ့သူ စာမဖတ်တတ်သလိုမျိုး အခြား လုပ်ဆောင်ချက်တွေကို လေ့လာသင်ကြားမှု မရှိဘဲ လုပ်လို့ မရနိုင်ပြန်ပါဘူး။ ၁+၁=၂ ဆိုတာကို ကျွန်တော်တို့ သိဖို့အတွက် သင်္ချာ ဆိုတဲ့ ပရိုဂရမ် ကို ထပ်မံ လေ့လာရပါတယ်။ အဲလိုပဲ Operating System ပေါ်မှာ အခြားလုပ်ဆောင်ချက်တွေ လုပ်နိုင်ဖို့အတွက် Program တွေ ထည့်သွင်း သုံးရပါတယ်။ ဥပမာ ဖုန်းထဲမှာ Facebook သုံးဖို့အတွက် ထည့်သွင်းသုံးတာမျိုးပေါ့။ အဲဒါတွေကို Software တွေ လို့ ခေါ်ပါတယ်။ 

အဓိက ပြောချင်တဲ့ အချက်က ဘယ်ကွန်ပျူတာမဆို ပင်မ မောင်းနှင်မှုစနစ် (Operating System) OS လိုအပ်တယ် ဆိုတာပါပဲ။ 

ကျွန်တော်တို့ ကွန်ပျူတာဆိုင်မှာ ကွန်ပျူတာ သွားဝယ်တဲ့အခါ Windows ဘယ်လောက် ဗားရှင်းကို တင်ထားတယ် ဆိုတာကို ပြောတာ ကြားဖူးပါလိမ့်မယ်။ (အဆင်ပြေရင် တင်ချင်ရာ တင်လို့ရပါတယ်)

အဲသည် Windows ဆိုတာ Operating System ပါပဲ။ ကျွန်တော်တို့ လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းတွေမှာတော့ အများဆုံးသုံးတဲ့ Operating System သည် Android OS ပါ။ ဒါကြောင့် Android ဖုန်းတွေလို့ ခေါ်ကြတာပါ။ iPhone ကတော့ iOS ကို သုံးပါတယ်။ 

ကွန်ပျူတာ တွေမှာ သုံးနိုင်တဲ့ Operating System တွေ ရှိပါတယ်။ 

Windows, Linux, Mac, Chrome စသည်ဖြင့် အသုံးများတဲ့ OS တွေပေါ့။

လူအများဆုံး သုံးကြတာကတော့ Microsoft က ထုတ်တဲ့ Windows ဆိုတဲ့ Operating System ပါ။ 

Closed Source OS ဖြစ်ပါတယ်။ Microsoft က ပိုင်ဆိုင်ထားပြီး OS ကို အခကြေးငွေနဲ့ ရောင်းစားပါတယ်။ လိုင်စင် မဝယ်ယူဘဲ (ဒီမှာလို) ခိုးသုံးရင် ဒါဟာ ရာဇဝတ်မှုမြောက်ပါတယ်။ 

ဒုတိယ အများဆုံး သုံးကြတာက Linux ပါ။ Linux ဆိုတာ Linux Kernel ကို သုံးထားတဲ့ OS တစ်မျိုးလို့ အလွယ် မှတ်ထားနိုင်ပါတယ်။ Kernel ဆိုတာ Computer Hardware နဲ့ Operating System ကြား ဘာသာပြန် ဆက်သွယ်ပေးတဲ့ကောင် လို့ အကြမ်းဖျင်း မှတ်ထားလိုက်ပါ။ စာအရမ်း ရှည်နေပြီမို့ ☺️

Linux ဆိုပေမယ့် သူ့ကို GNU/Linux လို့ ခေါ်မှ ပိုမှန်ပါလိမ့်မယ်။ အလွယ်ခေါ်နေကြတာတော့ Linux OS ပေါ့။ 

အဲသည် GNU/Linux တွေထဲမှာ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ အများစုက တရားဝင်အခမဲ့ သုံးနိုင်တဲ့ OS တွေ ဖြစ်ပြီး အခကြေးငွေနဲ့ ရောင်းချတဲ့ OS အနည်းငယ်လည်း ရှိပါတယ်။ 

သုတေသနတွေအရ အသုံးများဆုံး Linux Distro တွေသည် Debian Based Linux တွေ ဖြစ်ပါတယ်တဲ့။ 

Linux Distribution တွေကို လေ့လာချင်ရင် https://distrowatch.com/ မှာ လေ့လာနိုင်ပါတယ်။ ခုချိန် မြန်မာပြည်မှာတော့ VPN နဲ့မှ ဝင်ကြည့်လို့ ရပါလိမ့်မယ် 😏😡😡😡😡 သားရေကြိုး တင်းအောင်ကိုင် 🤬🤬🤬🤬🤬🤬🤬🤬။ 

ခု ကျွန်တော်တို့ ဆွေးနွေးမယ့် Kali ဆိုတာသည် အဲသည် Linux Distro တွေထဲကမှ Debian Based Linux Distro တစ်မျိုးပဲ ဖြစ်ပါတယ်။ 

👌🏾👌👌👌👌👌👌👌👌🏾

Kali Linux ကို သုံးလို့ရတဲ့ နည်းလမ်း ၃ ခု ရှိပါတယ်။

  1. Kali Only (Kali တစ်ခုတည်းကိုပဲ သုံးမယ်)
  2. Kali & Other (e.g. Windows, ...) Dual Boot
  3. Virtual Machine 

Kali Only ဆိုရင်တော့ ရှင်းပါတယ်။ 

Kali မှာ သုံးမရတဲ့ ဂိမ်းတွေ ဆော့မယ့်သူတွေ၊ Office တွေ အများကြီး ရှိပေမယ့် Microsoft Office မှ သုံးမယ်ဆိုတဲ့သူတွေ၊ ရုံးက ပေးထားတဲ့ ကွန်ပျူတာ ပျက်မှာစိုးလို့ ဆိုတဲ့သူတွေ မသုံးသင့်ပါဘူး။ 

Kali နဲ့ Windows ကို Dual သုံးမယ်ဆိုရင်တော့ Operating System တွေ install လုပ်ဖူးရင် ပိုအဆင်ပြေပါမယ်။ Newbie တွေအဖို့ မိမိတို့စက်မှာ အရးကြီး ဒေတာတွေ ရှိတယ်ဆိုရင် External Drive တစ်ခုခုမှာ Backup လုပ်ထားပြီး တင်သင့်ပါတယ်။  Dual မတင်မီ Partition ကြိုပြီး ပိုင်းထားရင် ပိုအဆင်ပြေပါလိမ့်မယ်။ လွယ်ချင်ရင် Mini Partitioning Tool ကို သုံးနိုင်ပါတယ်။ 

https://www.partitionwizard.com/free-partition-manager.html မှာ ဒေါင်းယူနိုင်ပါတယ်။ 

Kali ကို Virtual Machine တွေမှာ သုံးမယ့်သူတွေအတွက်တော့ Windows မှာဆိုရင် 

VMWare & VirtualBox သုံးနိုင်ပါတယ်။ Linux သုံးနေနှင့်ပြီးသားသူတွေအတွက်တော့ VirtualBox မှာ သုံးနိုင်ပါတယ်။ Mac OS သုံးသူတွေအတွက်တော့ VMWare Fusion ကို သုံးဖို့ အကြံပြုလိုပါတယ်။ Free ရပါတယ်။ 


စမ်း တင် ပါ။ လေ့လာပါ။ အသုံးချပါ။ နေ့စဥ် လုပ်ဆောင်စရာရှိတာတွေကို Kali ပေါ်မှာပဲ အဆင်ပြေအောင် ဆောင်ရွက်နိုင်ပြီဆိုတဲ့အခါ Kali နဲ့ သင် တစ်သားတည်း ကျသွားပါလိမ့်မယ်။


မှတ်ချက်။    ။ ဒီကာလမှာတော့ သားရေကြိုး တင်းအောင်ကိုင် ကြောင့် Kali ရဲ့ source တွေကိုပါ ပိတ်ခံထားရတာမို့လို့ ခုမှ စ စမ်းမယ့်သူတွေအားလုံးကို VirtualBox သုံးဖို့ပဲ အကြံပြုပါရစေ။ 



Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန် ==>> Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်  
Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်










1 comment:

  1. ဆဲထားတာလေးက အလန်း

    ReplyDelete