Adsense

OUO Banner

Latest Posts

Hacker များနှင့် ကျွန်တော်


ခေါင်းစဉ်ကလေးကို ကြည့်ပြီး ဒီ ဆောင်းပါးလေးကို တမျိုးမြင်ချင် မြင်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ ဒီ Web page ကလေးမှာလည်း   chat မှာ လာမေးတဲ့ထဲမှာ ဖြေရတဲ့အပိုင်းတွေရယ် အတော်များများရဲ့ မှားယွင်းတဲ့ (မှားယွင်းနေတယ်လို့ ကျွန်တော် ထင်ရတဲ့) အယူအဆလေးတွေရယ်ကြောင့် ဒီ ဆောင်းပါးလေးကို ရေးဖြစ်လိုက်ခြင်းပါ။
.
ဒီမတိုင်မီမှာ ကျွန်တော့်အနေနဲ့ Hacking ရဲ့ First Step လို့ ခေါ်ဆိုတဲ့ Footprinting အကြောင်းကို ဆောင်းပါးလေးတွေ ခွဲရေးပေးခဲ့ပါတယ်။ လက်ရှိလည်း ရေးနေဆဲ မပြီးသေးပါဘူး။ Footprinting အကြောင်း တင်ထားပြီးတာလေးတွေ မဖတ်ရသေးရင် ဒီနေရာလေးကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။
.
အဲသည်မှာ အချို့က Chat Box မှာ လာပြီး အကြံပေးကြပါတယ်။ Facebook Page ကနေ ပြန်ရှယ်တဲ့အခါမှာလည်းပဲ Fb page မှာ Chat Box ကနေလာပြီး မေးတာတွေ ရှိပါတယ်။ ““ ဆောင်းပါးတွေ ဖတ်ဖြစ်ပါတယ်။ အဲဒါတွေကို ဖတ်ရတာရော ရေးရတာရော အချိန်ကြာတယ်ဆရာ။ လက်တွေ့လုပ်ဆောင်ချက်လေးတွေပဲ ဖော်ပြပါလား။ ဆရာလည်း ရေးရသက်သာတာပေါ့”” လို့ လာပြီး အကြံပေးသူ ငါးယောက်ထက်မနည်း ရှိပါတယ်။
Trick တွေ တင်ပါလားဆရာ။ Like ကို K တွေနဲ့ ချီပြီးတောင် ရသွားနိုင်တယ် လို့ လာပြောပြသူလည်း ရှိပါတယ်။ ဒီ Website ကလေးကို Free Learning Zone အဖြစ် စေတနာသန့်သန့်နဲ့ ဖန်တီးခဲ့တာပါ။ လူကြိုက်များဖို့ မဟုတ်ပါဘူး။ လူပေါင်း တစ်သောင်း လာကြည့်တာထက် တကယ် တတ်မြောက်ချင်စိတ်နဲ့ လူဆယ်ရောက်ပဲ ရောက်ဖြစ်လဲ ကျွန်တော့်အတွက် အမြတ်ထွက်ပါတယ်။
.
လက်တွေ့တွေကိုပဲ စိတ်ဝင်စားတယ်ဆရာလို့ ပြောပြသူလည်း ရှိပါတယ်။ (ပွင့်ပွင့်လင်းလင်း လာပြောပြပေးတာလည်း ကျေးဇူးတင်ပါတယ်)။ ဒီဆောင်းပါးကလေးက  ကျွန်တော်နဲ့ ခံယူချက်ချင်း မတူညီတဲ့သူတွေကို တိုက်ခိုက်လိုစိတ်လည်း အလျဉ်းမရှိပါ။ ကျွန်တော် ယုံကြည်လက်ခံထားတာလေးတွေကို ပြန်လည် မျှဝေပေးလိုရင်းသာ ဖြစ်ပါတယ်ခင်ဗျာ
.
ပထမဆုံး ကျွန်တော် Trick တွေချည်း ဘာလို့ မတင်လဲလို့ အရင်ရှင်းပြပါရစေ
ကျွန်တော်တို့ကိုယ်ကိုယ် ဘာမှ မသိသေးတဲ့ ကျောင်းနေစအရွယ် ကလေးတစ်ယောက်လို့ ခဏလေး မြင်ယောင်ကြည့်ပါ။ ကျွန်တော်တို့သည် စာသင်ခန်းထဲမှာ ရောက်နေပြီး ရှေ့မှာ ဆရာမက စာသင်နေပါတယ်။
၁ + ၁ = ၂
၁ + ၂ = ၃
သင်္ချာဆရာမက ၁ ၂ ၃ ၄ တွေကို အရင်မသင်ဘဲ
၁ ဆိုတာ ဘာလဲ။ ၂ ဆိုတာ ၁ နှစ်ခါ။ ၃ ဆိုတာ ၁ သုံးခါနဲ့ တူတယ် စတာတွေကို ဘာမှ သေချာ မသိသေးဘဲ ၁+၁=၂ လိုက်တယ်။ ကျွန်တော်တို့လည်း ဆရာမ ရေးပြသလို လိုက်တော့ ရေးနိုင်တာပေါ့။ ပါးစပ်ကလည်း လိုက်ဆိုနိုင်တာပေါ့။ ကိန်းတွေကိုလည်း သေချာမသိသေး၊ အပေါင်းဆိုတာကိုလည်း ဘာမှန်းမသိသေးဘဲ ကျွန်တော်တို့ လိုက်လုပ် လိုက်ပြောနိုင်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ တတ်သွားပါသလား။
၁+၁=၂
၁+၂=၃ ဆရာမ ပြောထားလို့ လိုက်လုပ်နိုင်ပါရဲ့ ၁+၃ ကျရင် ကျွျန်တော်တို့ ဆရာထပ်ရှာရတော့မယ်။ ထပ်ပြီး အားကိုးရတော့မယ်။ အဲခါကျရင်ရော ကျွန်တော်တို့ကို သင်ပေးနိုင်မယ့်သူ ရှိနေမှာလား။ ရှိနေပြီထားဦး ၁+၃ ပြီးရင် ၁+၄ ကျ တစ်ခါ ဆရာထပ်ရှာရဦးမှာပါ။
.
အဲဒါတွေ ဘာကြောင့်လဲဆိုရင်တော့
၁။ ကျွန်တော်တို့တွေသည် ၁ ၂ ၃ ၄ ၅ ...... စတဲ့ အခြေခံ ကိန်းတွေကို မသိခဲ့တာ
၂။ + - x ÷  စတာတွေနဲ့ သူတို့ရဲ့ သဘောသဘာဝကို မသိခဲ့တာကြောင့်ပါပဲ။
    ဒါတွေကိုသာ သိရင် ကျွန်တော်တို့အတွက် ဒီအပိုင်းတွေမှာ ထပ်ပြီး ဆရာရှာစရာမလိုတော့သလို ဒီ့ထက် ပိုပြီး အဆင့်မြင့်တဲ့ problem တွေကိုပါ ဖြေရှင်းနိုင်လာမှာဖြစ်ပါတယ်။ ဖြေရှင်းစရာ နည်းလမ်းတွေကို စဉ်းစားနိုင်လာမှာဖြစ်ပါတယ်။
.
ကျွန်တော် နည်းပညာနယ်ပယ် (ကိုယ့်ဘာသာ နာမည်တပ်ထားတဲ့ နယ်ပယ်) ကို လှည့်မလာခင် ဆယ်နှစ်နီးပါးလောက် စာသင်တဲ့ ကျောင်းဆရာဘဝ/Education စီမံကိန်းဝန်ထမ်းဘဝတွေနဲ့ ကျင်လည်ခဲ့ဖူးပါတယ်။ စာသင်သမျှထဲမှာ English စာကို အများဆုံး ပြန်သင်ခဲ့ရပါတယ်။ ကျွန်တော်သည် ရှေ့ပိုင်းလတွေမှာ အခြားဆရာ/မအပေါင်းကို ဆန့်ကျင်လျက် (English Grammar & Translation) ကို အဓိကထားသင်ပါတယ်။ (၉ တန်း ၁၀တန်း ကျောင်းသားတွေကို သင်ခဲ့ရတာမို့ပါ)
သင်ခန်းစာ နောက်ကျမယ်/ လပိုင်းမာတိကာတွေ မီမှာမဟုတ်ဘူး ဘယ်သူဘာပြောပြော ကျွန်တော် အဲအတိုင်းပဲ လုပ်ခဲ့ပါတယ်။ ရှေ့ပိုင်းကာလမှာ ၉ တန်း ၁၀တန်း ကျောင်းသားတွေအားလုံးကို စာ စ သင်သင်ချင်း a,b,c,d,...,z  အကြီးအသေး တစ်ပုဒ်စီ ရေးခိုင်းပါတယ်။ (၉တန်းဆယ်တန်းတွေကို abc ရေးခိုင်းလို့ ရယ်စရာထင်ရင်ထင်မယ်။ ဒါပေမယ့် ကျွန်တော့်အတွေ့အကြုံအရ ၉ တန်း ဆယ်တန်းထိသာ ရောက်နေကြတယ် abcd အကြီးအသေး အကုန်မှန်အောင်ရေးတတ်တဲ့သူတွေချည်းမဟုတ်ဘူး။ မရေးတတ်တဲ့သူတွေ ပါနေတယ်ဆိုတာပါပဲ) နယ်မြို့ကလေးမို့လည်း ဖြစ်နိုင်ပါတယ်။ ထားတော့ လိုရင်းပြန်ဆက်ရရင်
ကျွန်တော် စာ စသင်ခါစက ကျောင်းသားမိဘတွေရော ကျောင်းသားတွေရော ကျွန်တော့်ကို သဘောမကျပါဘူး။ ဘယ်ကျပါ့မလဲ ၉ တန်း ၁၀တန်းရောက်နေပြီး abcd ရေးခိုင်းတဲ့ဆရာ (အခြားအတန်းငယ်တွေကတောင် ကိုးတန်းတွေ အေဘီစီရေးနေရတယ် ဆယ်တန်းတွေ ရေးနေရတယ်နဲ့ လှောင်ခံရသေးတာ) သူတို့ မကြိုက်တာ မဆန်းပါဘူး။ ဒါပေမယ့် ကျွန်တော်သည် ဆရာတစ်ယောက်။ စာတတ်အောင်သင်ဖို့က ကျွန်တော့်တာဝန်။ လူကြိုက်များအောင်လုပ်ဖို့မဟုတ်ဘူး ဆိုတာ အမြဲ ခံယူထားပါတယ်။
.
နိဂုံးချုပ်ရရင် နောက် သုံးလလောက်မှာ သူတို့တွေ ကျွန်တော့်ကို ချစ်လာပါတယ်။ မိဘတွေရော ကျောင်းသား အများစု ၉၀% ခန့်ပါ။ ၁၀၀ပြည့်တော့မဆိုလိုပါဘူး။
အရင်ကဆို သူတို့တွေ Essay, Letter   အလွတ်ကျက်ခဲ့ရတာ။ ဘယ်သူမှ မရေးတတ်ဘူး (ခြွင်းချက် A,B,C သုံးခန်းမှာ သုံးယောက်လောက်တော့ ရေးတတ်ပါတယ်)။ သင်ခန်းစာတွေထဲက စာပုဒ်တွေ ကျောင်းသားအတော်များများ ကိုယ့်ဘာသာ ဘာသာပြန်တတ်လာပါတယ်။ (meaning တွေ တော့ ပြောပြရတာပေါ့)။
သိပ်မထူးချွန်သွားရင်တောင် အဲသည်နှစ်က ဆယ်တန်းမှာ Eng စာ ကျတဲ့သူ တော်တော် နည်းသွားပါတယ်။ နယ်မြို့တွေမှာ အကျအများဆုံးဘာသာတစ်ခုပါ။
.
စကားတွေ ရှည်နေပြီ ပြန်ဆက်ရအောင်။ ကျွန်တော်အဓိက ပြောလိုတာကို နားလည်မယ်ထင်ပါတယ်။
ကျွန်တော်တို့တွေက စာတတ်ဖို့လိုတာလား ၁+၁=၂ ကို ပြောတတ်လုပ်တတ်ဖို့လိုတာလားဆိုတာကို ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ပြန်ဆန်းစစ်ဖို့လိုပါတယ်။ သဘောတရားတွေချည်းပဲပြောတာမျိုးမဟုတ်ဘဲ သဘောတရားနဲ့ လက်တွေ့ကို ပေါင်းစပ်ပေးမှာပါ။ လက်တွေ့ဆိုတာ ပါသင့်တဲ့အချိန်ကျရင် ပါသင့်တဲ့ပုံစံနဲ့ ပါလာမှာပါပဲ
ကျွန်တော်လည်း Trick တွေနောက်ကို အချိန်အတော်ကြာ လိုက်ခဲ့ဖူးပါတယ်။ နားမလည်တာတွေကို ပြန်ရှာ ပြန်ဖတ်နဲ့ အချိန်ပိုကုန်ခဲ့ဖူးပါတယ်။
ခုမှ စပြီး လေ့လာမယ့်သူတွေကို အဲလိုမကြုံရစေချင်ပါဘူး။ ဒါကတော့ ကျွန်တော့်စေတနာပါ။
ဒါကြောင့်  လူကြိုက်များမှုကို မရွေးချယ်ပါဘူး။ ကျွန်တော့်ရဲ့ ပင်ကိုယ်ရည်မှန်းချက်ဖြစ်တဲ့ တကယ်သိသင့်တာတွေကို တကယ် ဇွဲလုံ့လရှိတဲ့သူတွေကို သိသွားစေချင်တာပါ။ 
.
အဲဒါဆို တစ်ပိုင်းစီရေးမနေပါနဲ့လား။ တစ်ခါတည်း စုတင်လိုက်ပါလို့ ပြောချင်ရင်လည်း ပြောချင်ပါလိမ့်မယ်။
ကျွန်တော့်မှာလည်း ဘဝအတွက် ရှာဖွေလုပ်ကိုင်ရတာလေးတွေ ရှိနေလို့ပါ။ ခု ဒီစာရေးနေတဲ့အချိန်မှာ ကျွန်တော့်မှာ သင်တန်းတစ်ဘက်အပြင် Hacking ဆိုင်ရာ စာအုပ်တစ်အုပ်ကိုပါ ရေးနေပါတယ်။ ဒါကြောင့် အချိန်ကာလတစ်ခုအတွင်းမှာတော့ တဖြည်းဖြည်း ပြည့်စုံလာမှာပါ။ ခုတော့ တစ်ပိုင်းစီသာ တင်နိုင်သေးတာမို့ အားလုံး နားလည်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်
.
Hacking ဆောင်းပါးတွေအပြင် Hacker  ဖြစ်လိုသူတွေအတွက် အထောက်အကူပြုမယ့် Python Programming တွေကိုပါ ပြည့်စုံအောင် ကြိုးစားတည်ဆောက်နေပါတယ်။ ကျွန်တော်တစ်ယောက်တည်း တည်ဆောက်ရတာမို့ အချိန်ကြာမြင့်မှုတော့ ရှိမှာပါ။ ဒါ့ပြင်ပေါ့။ ကျွန်တော် ခု ဖန်တီးတည်ဆောက်နေဆဲဖြစ်တဲ့ Hacking လေ့လာသူတွေအတွက် Free Learning Zone (www.khitminnyo.com) မှာ စီစဉ်ဖော်ပြမှုတွေသည် အခြားသော Hacker တွေနှင့် သဘောထားကွဲလွဲမှုများလည်း ရှိကောင်းရှိပါမယ်။ 
ဖော်ပြမှု နည်းစနစ် (ဆွေးနွေးပုံ) ချင်းလည်း ကွာခြားရင် ကွာခြားပါလိမ့်မယ်။ ကျွန်တော်မှ အမှန်ဟု မပြောလိုပါ။ ကျွန်တော်လည်း သာမန်လူတစ်ယောက်သာမို့ မှားကောင်းမှားနိုင်ပါတယ်။ ဒါကြောင့် လိုအပ်မှုလေးတွေ ရှိပါကလည်း ဝေဖန်အကြံပြုနိုင်ပါကြောင်းခင်ဗျာ
.
နိဂုံးချုပ်အနေနဲ့ ကျွန်တော်သည် Hacker တစ်ယောက် မဟုတ်သေးပါဘူး
ကျွန်တော်ကိုယ်ကျွန်တော် အဲလိုလည်း မခံယူထားပါဘူး။ ဒီနေ့လည်း ကျွန်တော် လေ့လာနေတယ်။ မနက်ဖြန်လည်း ကျွန်တော် ဆက်လေ့လာနေရဦးမှာပါပဲ။ လေ့လာမှု လမ်းမဆုံးမချင်း ကျွန်တော် ရှေ့ဆက်နေရဦးမှာပါပဲ။ ဒီနေရာလေးမှာလည်း ကျွန်တော် လေ့လာမှတ်သားခဲ့ဖူးတာတွေကို ပြန်လည် ဝေမျှနေဦးမှာပါပဲခင်ဗျာ




လာရောက်လည်ပတ်သူအပေါင်းကို လေးစားစွာဖြင့်

Thanks


Khit Minnyo

No comments